မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့
တောင်ကြီးမြို့၏ ကျက်သရေဆောင် အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရား၊ မြို့လယ်ဓမ္မာရုံကြီး၏ ဘဏ္ဍာတော်များ၊ ဗုဒ္ဓသန္တကပစ္စည်းများ၊ သာသနိက အဆောက်အဦးများအား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရန် ဂေါပကအဖွဲ့ကို ၁၉၈၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင်တစ်ကြိမ် ဒေသအုပ်ချုပ်ရေးအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ၂၀၁၉ နိုဝင်ဘာ (၂၀)ရက် တစ်ကြိမ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။
မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့၏ ဘာသာရေးဆိုင်ရာ ဆောင်ရွက်ချက်များ
(က) မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့သည် ဂေါပကအဖွဲ့၏ ဖွဲ့စည်းပုံစည်းမျဉ်းများ၊ ဂေါပကအဖွဲ့ တာဝန်နှင့် လုပ်ထုံးလုပ်နည်းများရေးဆွဲထားရှိပြီး လုပ်ငန်းကော်မတီများ အသီးသီး ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
(ခ) ဂေါပကအဖွဲ့က ကြီးမှူး၍ “ကမ္ဗောဇရဌ၊ သာသနာလင်္ကာရ ကမ္ဗောဇသာမဏေကျော် စာမေးပွဲကြီး” ကို၁၉၉၉ခုနှစ်ကစတင်ပြီး နှစ်စဉ်မပျက်မကွက်ကျင်းပလျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် (၂၁)ကြိမ်တိုင်အောင် ပြီးမြောက်ခဲ့ပြီး “သာသနာလင်္ကာရကမ္ဗောဇသာမဏေကျော်ဘွဲ့ရ သာမဏေကျော်အပါး(၂၈၄)” ပေါ်ထွန်းခဲ့ပြီးဖြစ်ပါသည်။
(ဂ) ဂေါပကအဖွဲ့သည် ပထမတောင်ကျောင်းကြီးတိုက်မူလပဓါန မဟာနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနရိန္ဒအရှင်သူမြတ် မျိုးစေ့ချပေးခဲ့သော မြို့လုံးကျွတ် ဗုဒ္ဓါဘိသေကနေကဇာတင် ပူဇော်ပွဲကြီးကို ဆရာတော် ဘုရားကြီးဘ၀နတ်ထံ ပျံလွန်တော်မူပြီးနောက် နှစ်စဉ်ဆက်လက်ကျင်းပခဲ့ရာ ၂၀၁၉ခုနှစ်တွင် (၃၁)ကြိမ်ထိ ပြီးမြောက်ခဲ့ပြီးဖြစ်ပါသည်။
(ဃ) ဂေါပကအဖွဲ့သည် ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များ၌ တောင်ကြီးမြို့ပေါ်ရှိဝတ်အသင်း ဝတ်အဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များအား ဖိတ်ကြား၍ ဗုဒ္ဓအခါတော်နေ့ ပူဇော်ပွဲ၊ ဓမ္မစကြာအခါတော်နေ့ပူဇော်ပွဲ၊ ဝါတွင်းဥပုဒ်နေ့ ဝတ်ရွတ်ပူဇော်ပွဲများ ကျင်းပလျက်ရှိပါသည်။
(c) ဂေါပကအဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲ စသည်များ နှင့်ဘာသာရေးဆိုင်ရာအခမ်းအနားများ၌လည်း ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
(စ) ဂေါပကအဖွဲ့သည် မြို့လယ်ဓမ္မာရုံကြီး၌ အဘိဓမ္မာသင်တန်း၊ ပဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုသင်တန်း၊ ဓမ္မာစကြာ၊ ပရိတ်ကြီး၊ မဟာသမယသုတ်အနတ္တလက္ခသုတ်ရွတ်ဖတ်ပူဇော်မှုသင်တန်း၊ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
(ဆ) ဂေါပကအဖွဲ့သည် နိုင်ငံတော်က ကြီးမှူးကျင်းပသည့် အဘိဓမ္မာနှင့် ဝိသုမဂ်စာမေးပွဲ၊ နိကာယ်ငါးရပ်စာမေးပွဲ၊ ဓမ္မာစရိယနှင့် ပါဋိပထမပြန်စာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရန် နေရာစီစဉ်ပေးခြင်း၊ စာမေးပွဲကြီးကြပ်ပေးခြင်းနှင့် ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များအတွက် န၀ကမ္မအလှူငွေ၊ ဆွမ်းအလှူငွေ၊ ဆွမ်းစရိတ်အလှူငွေ၊ စာအောင်ဆုအလှူငွေ၊ ကြို/ပို့စရိတ်နှင့် အထွေထွေအသုံးစရိတ်များ စသည့် ဘဏ္ဍာငွေများရရှိနိုင်ရန် မြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ အကူအညီများရယူပြီး အလှူခံရှာဖွေပေးလျက်ရှိပါသည်။
(ဇ) မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့သည် ဘာသာ၊ သာသနာအကျိုးသယ်ပိုးဆောင်ရွက်ကြရာ၌ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒ အဆုံအမများကို နာယူခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနများနှင့် ပြည်နယ်သာသနာရေးဦးစီးဌာန တို့၏ အကြံပြုမှု၊ ကူညီပံ့ပိုးမှုများကို လေးလေးစားစားလက်ခံခြင်း တို့ဖြင့် ဂေါပကအဖွဲ့ဝင်များအားလုံး စိတ်စေတနာဖြူစင်သန့်ရှင်း ရိုးသားစွာဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။