တောင်ကြီးမြို့ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော်ကြီးကို နိုဝင်ဘာလ လယ်လောက်တွင် တောင်ကြီးမြို့ပေါ်ရှိ ၂၂ ရပ်ကွက်မှ ဒေသခံများက စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ ပထမဦးစွာ တောင်ကြီးမြို့၊ မြို့မရဲစခန်း အရှေ့ မှ နံနက် ၈ နာရီအချိန်တွင် စတင်ထွက်ကြပြီး မြို့ကို တစ်ပတ်ပတ်ကာ အတုလမာရဇိန် ဆုတောင်းပြည့်ဘုရား မြို့လယ်ဓမ္မာရုံသို့ ရောက်ရှိ လှူဒါန်းကြခြင်း ဖြစ်ပါသည်။ တောင်ကြီးမြို့၊ မြို့လုံးကျွတ် မဟာဘုံကထိန် ကျင်းပရခြင်း ၏ အဓိကရည်ရွယ်ချက်မှာ တောင်ကြီးမြို့ပေါ်ရှိ ကထိန်မခင်းနိုင်သော ကျောင်းများကို လည်း ကထိန်ခင်းနိုင်စေရန် အတွက် ကျင်းပခြင်းဖြစ်ကြောင်း၊ သိရသည်။
၇၂ ကြိမ်မြှောက် မဟာဘုံကထိန် ပွဲတော်အရ တောင်ကြီးမြို့ပေါ် (၂၂) ရပ်ကွက်တွင် ဘုန်းတော်ကြီးကျောင်းပေါင်း (၁၀၀) ကျောင်း ရှိပြီး၊ ၀ါဆိုသံဃာတော် ၃၉၀၆ ပါး ရှိ ကြောင်း သိရသည်။ ကထိန်ခင်းနိုင်သောကျောင်းပေါင်း (၈၀) ကျောင်း ရှိပြီး၊ အချို့ ကထိန် မခင်းနိုင်သော ကျောင်းပေါင်း (၂၀) ကျောင်းတွင် သံဃာတော်ပေါင်း (၃၇၁) ပါး ရှိကြောင်း သိရသည်။ အဆိုပါ ကထိန်မခင်းနိုင်သော ကျောင်းပေါင်း (၂၀) ကျောင်းကို အဓိက ဦးစားပေး၍ ကျောင်းရှိ သံဃာတော် အပါးစေ့ ကထိန်သင်္ကန်းများ ကပ်လှူခြင်း၊ ရရှိလာသော ပဒေသာပင်များမှ ပစ္စည်းများကို ခွဲဝေစုပုံလိုက်ပြီး၊ (၆၀) ရာခိုင်နှုန်းကို ကထိန် မခင်းရသေးသောကျောင်းများအတွက် ဖြစ်ပြီး၊ ကျန် (၄၀) ရာခိုင်နှုန်းကို ကထိန်ခင်းပြီးသော ကျောင်းများ အတွက် ခွဲဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးနှင့်လည်းတစ်ချိန်တည်းဖြစ်သည့်အတွက် အဖိတ်နေ့တွင် မြို့လုံးကျွတ် ဘုံကထိန် ပွဲတော်၊ မသိုးသင်္ကန်းယက်ပြိုင်ပွဲ၊ အဖိတ်ညတွင် ပအိုဝ်းမီးပဒေသာလှည့်လည်ခြင်း၊ လပြည့်ညတွင် မြို့လုံးကျွတ် မီးစင်္ကြာ နှင့် မီးပဒေသာ အလှအပ လှည့်လည်ခြင်း ပြိုင်ပွဲ တို့အပြင် အဝေရာ မီးပုံးပျံကွင်းတွင် ရိုးရာမီးပုံပျံပွဲကိုလည်း ကျင်းပကြပါသည်။
နေ့ဘက်ပိုင်းတွင် နေ့လွတ်အရုပ် မီးပုံးပျံများ၊ ညဘက်ပိုင်းတွင် စိန်းနားပန်၊ ညမီးကြီးများ စသည့် မီးပုံးပျံများကိုလည်းလွတ်တင်ခြင်းများအပြင် အခြားသော ပျော်ပွဲရွှင်ပွဲများဖြင့် ပျော်ရွှင်စရာကောင်းလှသော တောင်ကြီးမြို့၏ တန်ဆောင်မုန်းလ အချိန်လေးကိုလာရောက်လည်ပါတ်ဖို့ အားလုံးကို ခင်မင်စွာနဲ့ဖိတ်ခေါ်အပ်ပါတယ်။
မှီငြမ်း – news-eleven